Showing posts with label ဗုဒ္ဓဂါယာ ခရီးစဉ်. Show all posts
Showing posts with label ဗုဒ္ဓဂါယာ ခရီးစဉ်. Show all posts

ဗုဒ္မ္မဂါယာ ခရီးစဉ်(၂)


မိဂဒါဝန်သို့
ဗာရာဏသီမြို့မှ ၆မိုင်ခန့် ကွာဝေးတဲ့ မိဂဒါဝန်သို့ ခရီးဆက်ခဲ့ပါတယ်။ မိဂဒါဝန်သည် မိဂဒါယမှ ပြောင်းရွှေ့ လာသောစကားဖြစ်သည်။ (မိဂ=သမင်၊ ဒါယ=တော) သမင်တို့ကို ဘေးမဲ့ပေးရာတော။ မိဂဒါဝန်သည် မြတ်စွာဘုရား ပထမ၀ါကပ်တော်မူသည်၊ ပဉ္စ၀ဂ္ဂီငါးဦးတို့ ရဟန္တာဖြစ်တော်မူခဲ့သည်၊ ယသသဌေးသားနှင့် သူငယ်ချင်း ၅၄-ဦးတို့ ပထမ၀ါတွင်းမှာပင် တို့ ရဟန္တာဖြစ်တော်မူကြသည်။ မြတ်စွာဘုရားသည် မိဂဒါဝန်သို့ နောက်ထပ် ၃-ကြိမ်ခန့်ကြွတော်မူခဲ့သည်။ဖူးမြော်လေ့လာရန် ဌာနများကတော့-

(၁) ဓမ္မေခ စေတီ၊

(၂) မူလ ဂန္နကုဋိဝိဟာရ၊

(၃) ချောက်ခဏ္ဍီစေတီ၊

လေ့လာစရာတွေ ကတော့ ကျန်ပါသေးတယ်။ ကျွန်မမှတ်မိ သလောက်ဘဲဖော်ပြထား ခြင်းပါ။ ဒါကတော့ မိဂဒါဝန်ဘုန်းကြီးကျောင်းအ၀င်ဝပါ။

ဘုန်းကြီးကျောင်းက သမင်တွေဘေးမဲ့ပေးထားတဲ့ ဥယျာဉ်ဘေးမှာပါ။ အခန်းကနေကြည့်ရင် သမင်တွေကို ဒီအတိုင်း မြင်နေရပါတယ်။

ဒါကတော့ ဓမ္မေခ စေတီတော်ပါ။ ဉာဏ်တော်မှာ ၁၄၀-ခန့်မြင့်၍ တမိုင်ပတ်လည်ကပင်ကောင်းမွန်စွာ မြင်တွေ့နိုင်ပါတယ်။
မူလ ဂန္နကုဋိဝိဟာရ အတွင်းရှိ ရုပ်ပွားတော်ပါ။

မူလ ဂန္နကုဋိဝိဟာရပါ။ မြောက်ဘက်ထိပ်တွင် ဗုဒ္ဓရုပ်ပွားတော်နှင့် ဓာတ်တော်တိုက် ရှိသည်။ ကျောင်းတော်နှစ်ပတ်လည် အထိမ်းအမှတ်နေ့ ဖြစ်သော တန်ဆောင်မုန်းလပြည့်နေ့တွင် ဓာတ်တော်ဖွင့်ပွဲပြုလုပ်သည်။သာဝတ္တိသို့

ဆက်လက်၍ သာဝတ္တိသို့ ခရီးဆက်ခဲ့ပါတယ်။ ဗာရာဏသီမြို့မှ သာဝတ္တိသို့ကားငှား၍ သွားလျှင်ကီလိုမီတာ ၃၃၀-ကွာဝေးသည်။ ဖူးမြော်ကြည့်ရှုရန်ဌာနများကတော့ -

(၁) ဇေတ၀န်ကျောင်းတော်ရာ၊

(၂) ဒေ၀ဒတ်မြေမျိုသည့်နေရာ၊

(၃) အာနန္ဒာဗောဓိ၊


ဒါကတော့ ဇေတ၀န်ကျောင်းတော်ရာပါ။ ဇေတ၀န်ဆိုသည်မှာ (ဇေတ၀န=ဇေတ=မင်သား၏အမည်။ ၀န=ဥယျာဉ်ပန်းခြံ) ဇေတမင်းသားပိုင်သော ဥယျာဉ်ဟု ဆိုလိုသည်။ အာနန္ဒာဗောဓိပင်သည် ဇေတ၀န်ဥယျာဉ် အတွင်းတွင် တည်ရှိသည်။


[မောင်အံ့ (မဟာဝိဇ္ဇာ - ဘုံဘေ) ၏ မြတ်ဘုရား ပွင့်တော်မူရာ ဗုဒ္ဓဂါယာကို ကိုးကားသည်။] ဆက်လက်ဖော်ပြပါမည်။

ဗုဒ္ဓဂါယာ ခရီးစဉ် (၁)


မလေးရှားသို့ တရားစခန်းဝင်သွားတဲ့ အတွက် အခုမှ ဗုဒ္ဓဂါယာအကြောင်းကို ဆက်ရေးရတော့မယ်။ ၁၀ရက် တရားစခန်းအတွေ့အကြုံကိုလည်း အလျင်းသင့် လျှင်ရေးပါဦးမည်။

ကျွန်မတို့ ဗုဒ္ဓဂါယာကို ၁ရ၊ ၃၊ ၂၀၀၈ မှာ ဘုရားဖူးအဖွဲ့နဲ့ ထွက်ခဲ့ပါတယ်။ ရန်ကုန်လေဆိပ်က အထွက် အပေါ်အဖြူအောက် ယောဂီနဲ့ တူညီဝတ်စုံတွေနဲ့ လေယာဉ်ပေါ်ကို တက်ရပါတယ်။ လေယာဉ် တစ်စီးလုံးက ဗုဒ္ဓဂါယာသို့ သွားမည့် သူများပါပဲ၊ ဂါယာသို့ နေခင်းလောက်မှာရောက်ပါတယ်။ ဂါယာသို့ တိုက်ရိုက်လေယာဉ်ပါ၊ ဂါယာလေဆိပ်ကတော့ ခပ်သေးသေးရယ်ပါ။ Immigration ကိုဖြတ်ပြီးတာနဲ့ လာကြိုနေတဲ့ ကားတွေက အဆင့်သင့်ပါပဲ။ ကားတွေက အဲယားကွန်းနဲ့ လေအိပ်ကားတွေပါ။ တစ်လျှောက်လုံးကား စီးရတာ အဆင်ပြေပါတယ်။ အိန္ဒိယမှာ ၂၈ ပြည်နယ်ရှိတဲ့ အထဲက ၄ပြည်နယ်ကို ရောက်ခဲ့ပါတယ်။

ဗုဒ္ဓဂါယာအမည်က ဂယာမြို့ အနီးမှာ တည်ရှိမှုကို အစွဲပြုပြီး ဖြစ်လာတာပါ။ ဗီဟာပြည်နယ်အတွင်းမှာ တည်ရှိတာပါ။ ကာလကတ္တား ဂယာမြို့ဟာ ကီလိုမီတာ ၄၅၀ကျော်ကွာဝေးပါတယ်။ ဗုဒ္ဓဂါယာမှာက မြန်မာဘုန်းကြီးကျောင်းနှစ်ကျောင်း ရှိတယ်လို့ ကြားပါတယ်၊ အသစ်နဲ့ အဟောင်းပါ။ ကျွန်မတို့ တည်းရတာက ဘုန်းကြီးကျောင်းအဟောင်းမှာပါ။ မဟာဗောဓိစေတီနဲ့ နီးပါတယ်၊ လမ်းလျှောက်သွားရင်လဲ အနီးလေးပေါ့၊ ကုလားဆိုက်ကားနဲ့သွားလို့ ရပါတယ်။ ၅ ရူပီး လောက်ပဲပေးရပါတယ်။ ဗုဒ္ဓဂါယာမှာ ၄ညအိပ် ၅ရက်လောက်ကြာပါတယ်။ မဟာဗောဓိစေတီကြီးက အင်မတန်မှ သပ္ပယ်ပါတယ် ကြည်ညိုလို့ မ၀နိုင်အောင်ပါပဲ။ စေတီတော်ကြီးမှာ ဖိနပ်တော် ၄၈-ပေ၊ ဉာဏ်တော်အမြင့် ၁၇၀-ပေ ရှိပါသည်။

ဗုဒ္ဓဂါယာမှာ ဖူးမျှော်လေ့လာနိုင်စရာ တွေကတော့-
-မဟာဗောဓိစေတီတော်
-ဗောဓိပင်
-အပရာဇိတပလ္လင်
-သတ္တဌာန ခုနှစ်ဌာန
-မင်းတုန်းမင်းဇရပ်
-မဟန့်နန်းတော်
-သုဇာတာ အိမ်နေရာ
-သုဇာတာ ဃနာနို့ ဆွမ်းကပ်သည့် နေရာ
-ဘုရားအလောင်း ရွှေခွက်မျောရာ နေရာ
-ဒုက္ကရစရိယကျင့်ရာဂူ
-International ဘုန်းကြီးကျောင်းများ
-နေရဉ္စရာမြစ်
လေ့လာစရာတွေကတော့ အများကြီးကျန်ပါသေးတယ်။ ကိုယ်မှာရှိတဲ့ ပုံတွေနဲ့ အွန်လိုင်းမှ ရှာထားသော ပုံများကို ရောကာ ကုသိုလ်ယူနိုင်အောင် ဖော်ပြပေးလိုက်ပါတယ်။

(က) မဟာဗောဓိစေတီ


ဒါကတော့ မဟာဗောဓိစေတီ အ၀င်ဝပါ။
ဒါကတော့ ဘုရားဝင်းအတွေင်းပါ။


ဒါကတော့ မဟာဗောဓိစေတီ ကြီးပါ ကျောက်တုံးတွေနဲ့ ဆောက်တယ်လို့ ဆိုပါတယ်။ အင်မတန်မှ သပ္ပယ်သလို ခဏခဏ ဖူးမျှော်ချင်နေတဲ့ စေတီကြီးပါ။




မဟာဗောဓိစေတီ အတွင်းရှိ International image ပါ။ အလွန်သပ္ပာယ် သလိုနေ့စဉ်နှင့်အမျှ သင်္ကန်းတော်ကို လဲလှယ်ဆက်ကပ်သူ များဟာနိုင်ငံပေါင်းစုံကပါပဲ။ ကျွန်မ တွေခဲ့တဲ့ အဖွဲ့တွေကတော ထိုင်း၊ တိဘက်၊ ဂျပန်၊ တရုတ်၊ ကိုရီးယား ဘယ်နိုင်ငံကမှန်းမသိရတဲ့ အဖွဲ့တွေကလည်း အများကြီးပါ။




(ခ) ဗောဓိပင်

မြတ်စွာဘုရားသည် ဗောဓိပင်ကို နောက်မှီပြု၍ ဗောဓိပင်ရင်းရှိပလ္လင်တော်၌ သဗ္ဗညုတ ဉာဏ်တော်ကို ရတော်မူပါတယ်။ ဗောဓိပင်မှ ဗောဓိရွက်ကြွေကို စောင့်ပြီးကောက်သူတွေကလည်း အများအပြားပါ။ တစ်ရွက်ကြွေရင် လုကောက်ရပါတယ်။ ကံကောင်းချင်တော့ တစ်ရက်မှာ လေတွေတအားတိုက်ပြီး ဗောဓိရွက်တွေကြွေတာဟာ မကောက်နိုင်အောင်ပါပဲ။



(ဂ) သတ္တဌာန ခုနှစ်ဌာန

မြတ်စွာဘုရားသည် ဘုရားအဖြစ်သို့ ရောက်တော်မူပြီးနောက် ဖော်ပြပါ ၇-ဌာနတို့၌ ၇-၇က်စီစံတော်မူသည်။

၁။ ဗောဓိပင်နင့် ပလ္လင်တော် (ဖော်ပြပြီး)
ဘုရားအဖြစ်သို့ ရောက်တော်မူပြီး နောက် မဟာဗောဓိနှင့် ပလ္လင်တော်ထက်တွင် ထက်ဝယ်ဖွဲ့ခွေလျက် ခုနှစ်ရက်ပတ်လုံး ဖလသမာပတ်ကို ချမ်းသာကို ခံစားတော်မူသည်။

၂။ အနိမိသစေတီ။
ဤစေတီတော်နေရာတွင် ဘုရားရှင်သည် ရပ်တော်မူလျက်ဗောဓိပင်နှင့် ရွှေပလ္လင်ကို ခုနှစ်ရက်ပတ်လုံး တစိမ့်စိမ့်ရှုစား တော်မူသည်။

၃။ ရတနာ စင်္ကြဌာန
မြတ်စွာဘုရားသည် ပလ္လင်တော်ကို ခုနှစ်ရက်တိုင်တိုင် စိုက်ကြည့်တော်မူနေရာ နတ်ဗြဟ္မာတို့က မြတ်စွာဘုရားသည် ပလ္လင်တော်ကို တွယ်တာမူရှိသည်ဟု အထင်မှားကြကုန်၏။ ထိုအထင်မှားမူကိုပယ်ဖျက်ရန် ကောင်းကင်တွင် ရတနာစင်္ကြ ဖန်ဆင်းကာ ကြွတော်မူသည်။


၎။ ရတနာ ဃရဌာန
နတ်တို့ဖန်ဆင်းသော ရတနာ ဃရ (ရွှေအိမ်)တွင် ထက်ဝယ်ဖွဲ့ခွေထိုင်တော်မူ၍ အဘိဓမ္မာခုနှစ်ကျမ်းကို သုံးသပ်တော်မူရာ နောက်ဆုံးဖြစ်သော ပဋ္ဌာန်းကျမ်းတော်ကြီးရောက်သော အခါမြတ်စွာဘုရားသခင်ကိုယ်တော်မှ ရောင်ခြည်တော်ခြောက်သွယ် ပေါ်ထွက် ကွန့်မြူး၍ အဆုံးမရှိသော အနန္တ အာကာသထဲသို့ ပျံ့နှံ့သွားရာ ယနေ့အထိုရောင်ခြည်တော်များသည် အာကာသထဲသို့ရှေ့ဆက်ပြေးနေဆဲဖြစ်သည်။

၅။ အဇပါလနိဂြောဓ
ဌာန
(အဇ=ဆိတ်+ပါလ=ထိန်းကျောင်း+နိဂြောဓ=ညောင်ပင်) ဆိတ်ကျောင်းညောင်ပင်ရင်း၌ တရားကိုဆင်ခြင်သုံးသပ်ခြင်း၊ အရဟတ္တဖိုလ် ချမ်းသာကိုခံစားခြင်းပြုတော်မူသည်။

၆။ မုစလိန္ဒ
ဌာန
မုစလိန္ဒ အိုင်အနီး ကျည်းပင်ရင်း၌ ခုနစ်ရက်တိုင်တိုင် ဖလသမာပတ်ကို ၀င်စားတော်မူသည်။ မုစလိန္ဒ နဂါးမင်းက မြတ်စွာဘုရားရှင်ကို ခုနစ်ပတ်ရစ်ခွေ၍ အပေါ်မှ ပါးပျဉ်းအုပ်မိုးလျက်ပူဇော်သည်။ မုစလိန္နအိုင်မှာ အတော့်ကို ကြီးတဲ့ငါးကြီးတွေရှိပါတယ်။ သူတို့ကို ပေါင်မုန့်တွေကျွေးတာ ကျွေးလို့မလောက်နိုင်အောင်ပါပဲ။ ၇။ ရာဇာယတ ဌာန
မဟာဗောဓိပင်တော်ဘက် လင်းလွန်းပင်ရင်း၌ ခုနစ်ရက်တိုင်တိုင် ဖလသမာပတ်ကို ၀င်စားတော်မူ၏။

(ဃ) မင်းတုန်းမင်းဇရပ်
မင်းတုန်းမင်းဇရပ် ဖျက်ဆီးခံရ၍ မရှိတော့ပါ မင်းတုန်းမင်းကျောက်စာသာလျှင် ကျန်ပါတော့တယ်။ ကျောက်စာကိုမူ တဖြည်းဖြည်းဖျက်ဆီးရန် စာကြောင်းများကို ပွတ်တိုက်ထားသည်။

(င) သုဇာတာ အိမ်နေရာ
ၼၼ
ဤအုပ္ပံုကုိ
သုဇာတာ အိမ်နေရာဟု ဆိုကြသည်။


(စ) နေရဉ္စရာမြစ်
မြစ်ပြင်တစ်ခုလုံးက ရွံ့နွံမရှိပဲ သဲပြင်တွေချည်းပါပဲ၊ မိုးတွင်းသာ ရေရှိပြီး နွေနှင့်ဆောင်းတွင် သဲမျှသာရှိသည်။




(ဆ) ဒုက္ကရစရိယာကျင့်ရာဂူ
ဗုဒ္ဓဂါယာမှ ၄မိုင်ခန့်သွားရသည်။ မနက်အစောကြီးရောက်သွားလို့ လားတော့မသိဘူး တော်ခြေနဲ့ တောင်ဝန်းကျင်က အင်မတန်သာယာပါတယ်။ တောင်းရမ်းနေသူကလည်း အများအပြားပါ။ ကိုယ်ကတောင်တက်ရမှာဆိုတော့ သူတိုကိုတွဲခိုင်း၊ သူတို့ပေးတဲ့တောင်ဝှေးကို ယူမိရင် ပိုက်ဆံအတင်းတောင်းတော့ တာပါပဲ။ တစ်ယောက်ကို ပေးမိရင် ကုလားလေးတွေ၊ အဖွားကြီးတွေ၊ အဖိုးကြီးတွေက ၀ိုင်းအုံလာတော့တာပါပဲ။ အရမ်းကိုဆင်းရဲကြပြီး သနားစရာလည်း ကောင်းပါတယ်။

ဂူအတွင်းရှိ ရုပ်ပွားတော်ပါ
တောင်ပေါ်သို့တက်ရာလမ်းပါ တောင်တန်းသွယ်ကြီးပါ
လိုင်ဂူဝပါ။ တောင်ပေါ်မှာပါ တောင်ပေါ်မှာ တိဘက်ဘုန်းကြီးကျောင်း တစ်ကျောင်း ရှိပါတယ်။ ခဏခဏဓားမြတိုက်ခံ ရတယ်လို့ကြားပါတယ်။ တော်ပေါ်တက်ရင်လည်းတစ်ယောက်ကို တစ်ယောက်စောင့်ပြီးတက် ရပါတယ်။ လုံခြုံမူမရှိလို့ပါ။ (ဇ) နိုင်ငံတကာ ဘုန်းကြီးကျောင်းများပါ။

ထိုင်းဘုန်းကြီးကျောင်းပါ
ထိုင်းဘုန်းကြီးကျောင်းအတွင်းရှိ ရုပ်ပွားတော်ပါ ဂျပန် ဘုန်းကြီးကျောင်းဘေးနားရှိ ရုပ်ပွားတော်ပါ။ ဂျပန်သွားချင်လို့ ဆုတောင်းရင်ပြည့်တယ် လို့ဆိုပါတယ်။ ဘယ်ရမလဲ ကျွန်မလဲဆုတောင်းခဲ့ပါတယ်။ ဂျပန်ရှိ ကမာကူရုပ်ပွားတော်နှင့် ထုထည်တူတည်တယ်လို့ ဆိုပါတယ်။ တိဘက်ကျောင်းပါ။ တိဘက်ကျောင်းရှိ ရုပ်ပွားတော်ပါ။




[မောင်အံ့ (မဟာဝိဇ္ဇာ - ဘုံဘေ) ၏ မြတ်ဘုရား ပွင့်တော်မူရာ ဗုဒ္ဓဂါယာကို ကိုးကားသည်။] ဆက်လက်ဖော်ပြပါမည်။

ဗုဒ္ဓဂါယာ ခရီးစဉ်


ဗုဒ္ဓဂါယာ ခရီးစဉ် ဆိုတဲ့ ခေါင်းစဉ်နဲ့ ခရီးသွားဆောင်းပါတစ် ပုဒ်ရေးချင်ပါတယ်။ ဗုဒ္ဓဂါယာ မရောက်ဘူးသေးသူ များအတွက် ရောက်ဘူးသွား သလို၊ ဘုရားပွင့််တော်မူရာဌာနကို သွားရောက်ချင်စိတ်၊ ဖူးမျှော်ချင်စိတ် ဖြစ်ပေါ်လာအောင် ခံစားစေချင်တဲ့ သဘောနဲ့ ရေးခြင်းသာ ဖြစ်ပါတယ်။ ဒီခရီးစဉ်က ၂၂ ရက်ကြာပါခဲ့ပါတယ် အတော်ရှည်တဲ့ ခရီးဆိုလဲ ပြောလို့ရပါတယ်။

မြတ်စွာဘုရား ပရိနိဗ္ဗာန်စံဝင်ခါနီး အရှင်အာနန္နာသည်- " မြတ်စွာဘုရားသက်တော်ထင်ရှားရှိစဉ်ကမှု ၀ါကျွတ်သော အခါ ဘုရားဖူးရောက်လာ ကြကုန်သော ရဟန်းကောင်းရဟန်းမြတ်တို့ကို ဆည်းကပ် ဖူးမြော်ခွင့် ရခဲ့ပါ၏။
မြတ်စွာဘုရား ပရိနိဗ္ဗာန်စံ မူသောအခါ ဘုရားဖူး ရဟန်းတော်များ လာရောက်ကြတော့မည် မဟုတ်သဖြင့် အဘယ်နေရာ အဘယ်ဌာန တို့၌ ရဟန်းကောင်းရဟန်းမြတ်တို့ကို ဆည်းကပ် ဖူးမြော်ခွင့် ရနိုင်တော့မည် အဟုတ်ပါဘုရား" ဟုလျှောက်ထား၏။

ထိုအခါ
မြတ်စွာဘုရားရှင်သည် အရှင်အာနန္နာအား ငါဘုရား ပရိနိဗ္ဗာန်စံတော် မူသည့်နောက်၌ အောက်ဖော်ပြပါ ဌာနလေးဌာန သို့ ရဟန်းယောက်ျား၊ ရဟန်းမိန်းမ၊ ဥပါသကာ ဒါယကာများနှင့် ဥပါသိကာ ဒါယိကာမများ ဘုရားဖူး လာရောက်ကြမည့်အကြောင်း ဟောကြားတော်မူခဲ့၏။ ချစ်သားအာနန္နာ ရတနာသုံးပါးကြည်ညိုသော အမျိုးကောင်းသား တဦးအတွက် သွားရောက်ဖူးမြော် သံဝေဂယူသင်သော ဌာန လေးဌာနရှိကုန်၏။

(က) ဤလုမ္ဗိနီသာမော အင်ကြင်းတောကား "မြတ်စွာဘုရား ဖွားမြင်တော် မူရာဌာနပါတကား" ဟူ၍ သဒ္ဓါတရား ရှိသောအမျိုးကောင်းသား တဦးအတွက် သွားရောက်ဖူးမြော် သံဝေဂယူသင့်သော ဌာနတခုဖြစ်၏။

(ခ) ဤ
ဗုဒ္ဓဂါယာ မဟာဗောဓိမဏ္ဍိုင်ကား "မြတ်စွာဘုရားသည် အတုမဲ့သော မဖောက်မပြန် မှန်ကန်သော ကိုယ်ပိုင် (သဗ္ဗညုတ) ဉာဏ်တော်ကို ရတော်မူသော နေရာပါတကား" ဟူ၍ သဒ္ဓါတရား ရှိသောအမျိုးကောင်းသား တဦးအတွက် သွားရောက်ဖူးမြော် သံဝေဂယူသင့်သော ဌာနတခုဖြစ်၏။

(ဂ) ဤမိဂဒါဝန်တောကား "မြတ်စွာဘုရားသည် အတုမဲ့ ဓမ္မစကြာ တရားဦးကို ဖော်ကျူးမြွက်ဟရာ ဌာနပါတကား" ဟူ၍ သဒ္ဓါတရား ရှိသောအမျိုးကောင်းသား တဦးအတွက် သွားရောက်ဖူးမြော် သံဝေဂယူသင့်သော ဌာနတခုဖြစ်၏။

(ဃ) ဤမလ္လမင်းတို့၏ ကုသိနာရုံ အင်းကြင်းရဂုံကား "မြတ်စွာဘုရားသည် နိဗ္ဗူနန်းသို့ ခိုဝင်စံမြန်းလျက် ၀ိပါတ် ကမ္မဇရုပ် တို့အကြွင်းမဲ့ ချုပ်ငြိမ်းရာ ဌာနပါတကား"
ဟူ၍ သဒ္ဓါတရား ရှိသောအမျိုးကောင်းသား တဦးအတွက် သွားရောက်ဖူးမြော် သံဝေဂယူသင့်သော ဌာနတခုဖြစ်၏။

ချစ်သားအာနန္နာ နောင်အခါ၌ သဒ္ဓါ တရား ရှိသော ရဟန်းယောက်ျားများ၊ ရဟန်းမိန်းမများ၊ ဥပါသိကာ ဒါယကာများ၊ ဥပါသိကာ ဒါယိကာများ၊ ဒါယိကာမများသည် ဤလေးဌာနသို့ လာကြကုန်လတံ္တ။

(၁)
မြတ်စွာဘုရား ဖွားတော်မူရာ လုမ္ဗိနိဥယျာဉ်။

(၂) သဗ္ဗညုတ ရွှေဉာဏ်တော်ကို ရတော်မူ၍ ဘုရားအဖြစ်သို့ ရောက်တော်မူရာ ဗုဒ္ဓဂါယာ မဟာဗောဓိမဏ္ဍိုင်။

(၃) ပဉ္စ၀ဂ္ဂီ ငါးဦးတို့အား မြတ်စွာဘုရား တရားဦးဓမ္မစက် ဟောမြွက်ရာ မိဂဒါဝန်။

(၄) မြတ်စွာဘုရား ပရိနိဗ္ဗာန်စံတော်မူရာ မလ္လမင်း တို့၏ ကုသိနာရုံ အင်ကြင်းရဂုံ။


ချစ်သားအာနန္နာ အကြင်လူတို့သည် ဘုရားဖူးခရီး လှည့်လည် မူကို ပြု၍ ကြည်ညိုစိတ်ဖြင့် သေလွန်ကုန်၏။ ထိုလူအားလုံးတို့သည် ဤခန္ဓာကိုယ် ပျက်စီးသေလွန် ပြီးနောက်၌ နတ်ရွာသုဂတိ သို့ရောက်ကြကုန်လတံ္တ။ (မဟာပရိနိဗ္ဗာနသုတ်ပါဠိတော်)



[မောင်အံ့ (မဟာဝိဇ္ဇာ - ဘုံဘေ) ၏ မြတ်ဘုရား ပွင့်တော်မူရာ
ဗုဒ္ဓဂါယာကို ကိုးကားသည်။] ဆက်လက်ဖော်ပြပါမည်။