ဗုဒ္ဓဂါယာခရီးစဉ်(၃)



ဒီခရီးစဉ် အကြောင်းမရေးတာတော်တော် ကြာနေလို့ စာဖတ်သူသူငယ်ချင်းများလည်း စိတ်မရှည်မှာပါဘဲ။ ကိုယ်အကြောင်း နဲ့ကိုယ်မို့ ခွှင့်လွှတ်ကြပါလို့ တောင်းပန်ချင်ပါတယ်။ အခုဆက်ရေးမယ်နော် အပြီးဘဲရေးလိုက်တော့မယ်။ ကျွန်မတို့ သာဝတ္တိကနေ ဆက်လက်ပြီးတော့ သင်္ကဿနဂိုရ်ပြည်သို့ ဆက်လက်ထွက်ခွာခဲ့ပါတယ်။ ပြောရဦးမယ် တကယ်တော့ ဗုဒ္ဓဂါယာ ခရီးစဉ်ဟာ အသက်ကြီးသူတွေကို အင်မတန်ပင်ပန်းစေတဲ့ ခရီးစဉ်ပါ။ အသက်ငယ်တုန်း သန်တုန်မြန်တုန်းသာ သွားသင့်ပါတယ်။ အသက်ကြီးသူတွေ အတွက်မစားသာလှပါဘူး။ ကိုယ်ခန္ဓာကျန်းမာကာ အပင်ပန်းခံနိုင်မှသာ သွားသင့်ပါတယ်။

သင်္ကဿနဂိုရ်ပြည်

သင်္ကဿနဂိုရ်ပြည်တွင် မြတ်စွာဘုရားသည် ၀ါမဆိုမီ တာဝတိံသာ နတ်ပြည်သို့ နှစ်လှမ်း(သုံးဖ၀ါး) ဖြင့် ကြွတော်မူသည်။ နတ်ပြည်တွင် မယ်တော်ဖြစ်ခဲ့ဖူးသော နတ်သားအား အမှုးထား၍ နတ်ဗြဟ္မာတို့အား အဘိဓမ္မာ တရားတော်ကို ၀ါတွင်းသုံးလပတ်လုံး ဟောကြားတော်မူသည်။ ၀ါကျွတ်သောအခါ သီတင်းကျွတ်လပြည့်နေ့တွင် ရွှေစောင်းတန်း၊ ငွေစောင်းတန်း၊ ပတ္တမြားစောင်းတန်း သုံးသွယ်ဖြင့် လူ့ပြည်သို့ ဆင်းသက်ကြွတော်မူလာသည်။ စောင်းတန်းဦးသည် သင်္ကဿနဂိုရ်ပြည်သို့ ဆိုက်ရောက်သည်။ မြတ်စွာဘုရား ဆင်းသက်တော်မူပြီးသောအခါ စောင်းတန်းသုံးသွယ်သည် မြေထဲသို့ ၀င်ရောက်၍ လှေကားခုနှစ်ထစ်ခန့်သာ ကျန်ရစ်သည်ဟုဆိုသည်။ သင်္ကဿနဂိုရ်ပြည်တွင် ဘုရားရှင်နတ်ပြည်မှ ဆင်းသက်ရာ အထိန်းအမှတ် အသောကကျောက်တိုင်နှင့် တာဝတိံသာ နတ်ပြည်မှ သင်္ကဿနဂိုရ်ပြည်သို့ ဆင်းသက်လာဟန် ရုပ်ပွားတော်ရှိသည်။







ဆက်လက်၍ သင်္ကဿနဂိုရ်ပြည်မှ နယူးဒေလီသို့ ခရီးဆက်ခဲ့ပါတယ်။ နယူးဒေလီတွင် မဟာသတိပဋ္ဌာန်ဟောရာနေရာ၊ India Gate and Lotus Temple သို့လိုက်ပို့ပေးပါတယ်။ နယူးဒေလီရဲ့ညဈေးတန်းဟာ လဲအတော်လျှောက်လို့ ကောင်းပါတယ်။ Hotel တွင်၂ ညအိပ် ၃ရက်နေရပါတယ်။ ဆက်လက်၍ သင်္ကဿနဂိုရ်ပြည်သို့ အပြန်လမ်းတွင် Agra သို့ဝင်ပါတယ်။ Agra တွင် Taj Mahal နှင့် Red Fort သို့ဝင်ရောက်ပါတယ်။

လုမ္ဗိနီ(နီပေါ)

သင်္ကဿနဂိုရ်တွင် တစ်ညပြန်အိပ်ကာ နောက်တစ်နေ့ မနက်တွင် တွင်လုမ္ဗိနီ(နီပေါ) သို့ခရီးဆက်ခဲ့ပါတယ်။်လုမ္ဗိနီသာမော အင်ကြင်းတောလို့ အဆိုရှိပါတယ်။ အခုတော့ အင်ကြင်းပင်တွေကို တစ်ပင်နှစ်ပင်လောက်ဘဲလောက်ဘဲ တွေ့ရပါတော့တယ်။ သာယာတာကတော့ အင်မတန်သာယာပါတယ်။ မြန်မာဘုန်းကြီးကျောင်းကြီးကလဲ အကြီးကြီးပါ။ နီပေါလူမျိုးတွေဟာ ကျွန်မတို့မြန်မာ လူမျိုးတွေနဲ့ ရုပ်ခြင်းဆင် ပါတယ်။ လုမ္ဗိနီတွင်-

(၁) ဘုရားအလောင်းဖွားမြင်ရာနေရာ၊
(၂) ဘုရားအလောင်းရေသန့်ရာကန်တော၊်
(၃) အသောကကျောက်တိုင်၊
(၄) ဘုရားအလောင်းခြေခုနှစ်လှမ်းလှမ်းရာ အထိမ်းအမှတ် စေတီရာများ၊
(၅) မဟာမာယာဒေ၀ီ သားဖွားခန်းကျောက်ရုပ်ထုတော်။

ရွှေတိဂုံစေတီတော်ကြီးနှင့် ပုံစံတူ စေတီတော်ပါ။ဘုရားအလောင်းရေသန့်ရာကန်တော်
ဂျပန်ငြိမ်းချမ်းရေး ဘုရားပါ။

အသောကကျောက်စာတိုင်ပါ။
ဂျပန်ငြိမ်းချမ်းရေး မီးရှုးတိုင်ပါ။ ၂၄နာရီ မီးလင်းနေပါတယ်။

ကုသိနာရုံ

မြတ်စွာဘုရား ပရိနိဗ္ဗာန် စံတော်မူရာ ကုသိနာရုံသို့ ဆက်လက်ခရီးဆက်ခဲ့ပါတယ်။ ကုသိနာရုံရှိ မဟာပရိနိဗ္ဗာန်န စေတီတော်နှင့်ရုပ်ပွားတော်သည် အင်မတန်သပ္ပာယ်သလို ဘုရားဝင်းကလည်း အင်မတန်ကို သာယာပါတယ်။ စေတီအနောက်ဘက် တွင်ကျောင်းတော်ရာဟောင်း အုတ်ခုံများရှိသည်။ ကုသိနာရုံတွင် ဖူးမျှော်လေ့လာ စရာများကတော့-

(၁) ဘုရားကျောင်းတော်၊
(၂)
မဟာပရိနိဗ္ဗာန်န စေတီတော၊်
(၃) ကျောင်းတော်ရာ အုတ်ခုံများ၊
(၄) အင်္ဂါရ စေတီတော်၊
(၅) မြတ်စွာဘုရား ရေ သပ္ပာယ်တော်မူရာ ဌာန တို့ဖြစ်ပါတယ်။
ဒါကတော့ မြတ်စွာဘုရား ပရိနိဗ္ဗာန်ပြုဟန် ရုပ်ပွားတော်ပါ။ ဝေဒနာကြောင့်မို့ ခြေဖ၀ါးတော်ဟာ ရောင်ရမ်းနေပုံကို တူအောင်ထုထားခြင်းဖြစ်ပါတယ်။ အင်မတန်ကြည်ညို သပ္ပာယ်ဖို့ကောင်းပါတယ်။ ၀မ်းနည်းဖို့လည်း ကောင်းပါတယ်။





မဟာပရိနိဗ္ဗာန်န စေတီတော်ပါ။
ဘုရားဝင်းအတွင်းရှိ ကျောင်းတော်ရာ အုတ်ခုံများပါ။ မြတ်စွာဘုရား ရေသပ္မာယ်ရာ ဌာနရှိ ကြည်ညိုဖွယ်ရာရုပ်ပွားတော်ပါ။ ဆုတစ်ခုထဲတောင်းရင် ပြည့်တယ်လို့ဆိုပါတယ်။

နာလန္ဒာ

ဆက်လက်၍ နာလန္ဒာသို့ ခရီးဆက်ခဲ့ပါတယ်။ တချိန်က အလွန်ကြီးကျယ်ခန်းနာခဲ့သော
နာလန္ဒာတက္ကသိုလ် ကျောင်းတော်ရာ အဟောင်းကြီးပါ။ အခုအချိန်မှာတော့ အနိစ္စသဘောဖြင့် ပျက်သုန်းခဲ့ကာ အဆောက်အဦး အဟောင်းများသာ ကျန်ပါတော့တယ်။ ဒါတောင် အတော့်ကို ကြီးကျယ်ခန်းနားပါသေးတယ်။


ုံ






ရာဇဂြိုဟ်သို့

ဆက်လက်၍
ရာဇဂြိုဟ်သို့ ခရီးဆက်ခဲ့ပါတယ်။ ရာဇဂြိုလ်မှာကတော့ လေ့လာဖူးမျှော်စရာများကတော့-

(၁) ဝေဘာရတောင်တော်
(၂) ပိပ္ပလိကျောက်ဂူ
(၃) ပထမသင်္ဂါ ရတနာတင်ရာ သတ္တပဏ္ဏိလိုင်ဂူ
(၄) ဗိမ္ဗိသာရမင်းကြီး၏ ရွှေတိုက်တော် (ဆွန်ဘဏ္ဍလိုင်ဂူ)
(၅)
ဗိမ္ဗိသာရအကျဉ်းထောင်
(၆) လှည်းဘီးရာ
(ရ) ဂိဇ္ဈကုဋ်တော်

ဝေဘာရတောင်တက်ရာ အစတွင် ရေပူစမ်းရှိပါတယ်။ ဇာတ်အနိမ့်အမြင့်အလိုက် ရေကိုချိုးရပါတယ်။ ကျွန်မအတွက်တော့ အဆန်းပါဘဲ။
ဂိဇ္ဈကုဋ်တောင် အပေါ်မှမြင်ရပုံပါ။
ဒီလို ထိုင်ခုံစက်လှေကားတွေနဲ့ တက်ရပါတယ်။ အသည်းတအေးအေးပေါ့။



ဝေဘာရတောင်ထိပ်ရှိ ပထမသင်္ဂါ ရတနာတင်ရာ သတ္တပဏ္ဏိလိုင်ဂူပါ။
ကာလကတ္တားသို့

နောက်ဆုံး ခရီးစဉ် အဖြင့်
ကာလကတ္တားသို့ ခရီးဆက်ခဲ့ပါတယ်။ Victoria palace နှင့် shopping သွားခဲ့ပါတယ်။ ကာလကတ္တားကနေ အိန္ဒိယလေကြောင်းလိုင်းဖြင့် မြန်မာပြည်ကိုပြန်ခဲ့ပါကြောင်း။ ပုံအများစု ဟာOnline မှရှာထားသော ပုံများဖြစ်ပါတယ်။

[မောင်အံ့ (မဟာဝိဇ္ဇာ - ဘုံဘေ) ၏ မြတ်ဘုရား ပွင့်တော်မူရာ ဗုဒ္ဓဂါယာကို ကိုးကားသည်။]

5 comments:

Anonymous said...

ညီမလေး..နံပါတ်(၃) လာဖတ်သွားတယ်။ ဓာတ်ပုံတွေလဲ ကြည့်သွားတယ်။ ကိုယ်မလည်ဖြစ်တဲ့နေရာမို့ (နောက်လဲ သွားကြည့်ဖို့ မသေချာလို့) ကျေးဇူးပဲ။

imaginary clouds no 2 said...

ဓါတ်ပုံများကို တင်ပေးလို့ တကယ်ကိုကျေးဇူးတင်ပါတယ် ။

မသက်ဇင် said...

အတော်ကောင်းပါတယ်--
ကျေးဇူးပါ--

Nu Thwe said...

စာတွေရော၊ ပုံတွေရော အတွက် ကျေးဇူး အထူး တင်ပါတယ်။ ကုသိုလ်စိတ်တွေ ပွါးရလို့ပါ။
ကျွန်မကတော့ ဒီခရီးရဲ့ တခြားအတွေ့အကြုံလေးတွေ ရေးဖြစ်ပါတယ်။

Nu Thwe said...

မမုဒိတာရေ....ကျွန်မရဲ့ ပို့စ်ထဲမှာ လင့်ခ်ပေးပြီး ထည့်ညွှန်းလိုက်ပြီ။ ဘုရားဖူး ခရီးအကြောင်း စုံလင်ဝေဆာစွာ ဖတ်ချင်သူတွေအတွက် မုဒိတာရဲ့ ပို့စ်လေးက အရမ်းကောင်းလို့ပါ။ I hope you don't mind. ကျေးဇူးတင်ကြောင်း ထပ်ပြောသွားပါတယ်။